ကမ္ဘာ့ဂီတလောကတွင် အောင်မြင်နေသော မက်ဒေါနား၊ လေဒီဂါဂါ စသည့်အဆိုတော်များ၏ ဂီတခြေလှမ်းစတင်ခဲ့ရာ ဟောင်ကောင်ရှိ ‘The Fringe Club’ ၌ ဧပြီ ၁၀ ရက်တွင် သွားရောက် ဖျော်ဖြေမည်ဟု အဆိုတော် ဖြူဖြူကျော်သိန်းက ပြောသည်။
‘‘ကိုယ်လည်း ပထမခြေလှမ်းလေးတစ်ခုလိုမျိုးအနေနဲ့ အပြင်ထွက်ဆိုတဲ့သဘောပါ။ ဟောင်ကောင်မှာရှိတဲ့ မြန်မာပရိသတ်တွေကြား လက်မှတ်ရောင်းတဲ့ပွဲမျိုးမဟုတ်ဘူး။ နိုင်ငံတကာပရိသတ်ကို ရည်ရွယ်ပြီး လုပ်တဲ့ဟာမျိုးပေါ့။ သူတို့ဆီက ဂီတကုမ္ပဏီတွေလာကြည့်ကြတယ်။ အနုပညာအသိုင်းအ၀ိုင်းက ကြည့်ကြတဲ့ နေရာမျိုးပေါ့’’ဟု ဖြူဖြူကျော်သိန်းကပြောသည်။
ယခုလိုသွားရောက်ဖျော်ဖြေခွင့်ရရန် The Fringe Club ရှိ တာဝန်ရှိသူများထံသို့ မိမိ၏ ဂီတသမိုင်းအကြောင်းအရာများ ပေးပို့ခဲ့ရာ ၎င်းတို့က စစ်ဆေးပြီး သဘောကျမှသာ လာရောက်ဖျော်ဖြေရန် ခွင့်ပြုခြင်းဖြစ်ကြောင်း ဖြူဖြူကျော်သိန်းကပြောသည်။
ဖျော်ဖြေချိန် တစ်နာရီရသည့်အတွက် သီချင်းရှစ်ပုဒ်ဖျော်ဖြေရန် စီစဉ်ထားပြီး အင်္ဂလိပ်သီချင်းနှစ်ပုဒ်နှင့် မြန်မာသီချင်းများသီဆိုရန် ပြင်ဆင်နေသည်ဟုဆိုသည်။
The Fringe Club ကို ၁၈၉၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရည်အသွေးပြည့်မီသော အဆိုတော်များကိုသာ ယင်းနေရာတွင် သီဆိုခွင့်ပြုသည်။ ထိုနေရာ၌ သီဆိုပြီးချိန်တွင် နိုင်ငံတကာဂီတအဆက်အသွယ်များ ရလာနိုင်သည်ဟုဆိုသည်။
ဖြူဖြူကျော်သိန်းသည် သင်္ကြန်ကို မန္တလေးတွင် နှစ်တိုင်း ဖြတ်သန်းခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုံးရန်ကုန်သင်္ကြန်ကို မျှော်စင်ကျွန်းနှင့် Grand Royal မဏ္ဍပ်တွင်ရှိမည်ဟု ပြောသည်။
-7Day Daily